အေစီမီလန် နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီ ကတော့ လစ်လပ်နေတဲ့ အီတလီ နည်းပြ ရာထူး အတွက် သတင်းတွေ ကြီးနေပါတယ်။ ဒါပေမယ့်လည်း သူက လောလောဆယ် မှာတော့ စီးရီးအေ ထိပ်သီး ကလပ်နဲ့ အတူ သူ့ရဲ့ အလုပ် ကိုပဲ အာရုံစိုက်ထားကြောင်း ဖွင့်ဟလာပါတယ်။
အယ်လီဂရီဟာ အီတလီကို ကိုင်တွယ်ဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စီးရီးအေ ကလပ် အေစီမီလန် မှာပဲ ရေရှည် ရှိနေချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရွေးစင် အသင်းကို ဦးဆောင်ရမယ့် အရေး ကိုတော့ လုံးဝကြီး ပယ်ချခဲ့ခြင်းတော့ မရှိပါဘူး။
အီတလီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို သုံးကြိမ် ဆက်တိုက် လွဲချော်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သောကြာနေ့က နည်းပြ ဂန်နာရို ဂတ်တူဆို ရာထူး ကနေ နုတ်ထွက်သွားခဲ့တာကြောင့် နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ အက်ဇူရီ တို့ဟာ ဇနီကာမြို့မှာ ကစားခဲ့တဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘော့စနီးယားနဲ့ ၁-၁ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ဖရန်ဆက်စကို ပီအို အက်စပိုစီတိုနဲ့ ဘရိုင်ယန် ခရစ္စတန်တေးတို့ လွဲချော်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။
ဒါဟာ ကမ္ဘာ့ချန်ပီယံဟောင်း အသင်း တစ်သင်း အနေနဲ့ ကမ္ဘာ့ဖလားကို သုံးကြိမ် ဆက်တိုက် ပထမဆုံး အကြိမ် လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အီတလီ ဘောလုံး အဖွဲ့ချုပ်က တာဝန်ရှိသူ အားလုံး နှုတ်ထွက်သွားခဲ့ပြီး အစအဆုံး ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေပြီလည်း ဖြစ်ပါတယ်။ အယ်လီဂရီက အေစီမီလန်ကို ပြန်လည် ကိုင်တွယ်တဲ့ ပထမဆုံးရာသီ မှာတင် စီးရီးအေ ချန်ပီယံဆု အတွက် ပြိုင်ဆိုင်နိုင်အောင် ဦးဆောင်နေသူ ဖြစ်ပါတယ်။ အယ်လီဂရီ ကတော့ အီတလီ ဘောလုံးလောက ပြန်လည် ဦးမော့လာဖို့ အခြေခံက စပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမယ့်လည်း အယ်လီဂရီက လောလောဆယ် မှာတော့ အဲဒီ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ သူ ပါဝင်ဖို့ အစီအစဉ် မရှိသေးပါဘူး။ လာမယ့် တနင်္လာနေ့မှာ ကစားမယ့် နာပိုလီနဲ့ ပွဲမတိုင်မီ အင်တာဗျူးမှာ အီတလီ နည်းပြ ရာထူးနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာတော့ အယ်လီဂရီက “အဲဒီအကြောင်း ကျွန်တော် မစဉ်းစားရသေးပါဘူး။ ကျွန်တော် မီလန်မှာ ရှိနေတယ်၊ ဒီမှာ ပျော်တယ်၊ ဒီမှာပဲ ရေရှည်ရှိနေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ပါ။ ချန်ပီယံလိဂ် ဆိုတာ ကျွန်တော် မကစားရတာ ကြာပြီ ဖြစ်တဲ့ စိတ်လှုပ်ရှားစရာ ပြိုင်ပွဲ တစ်ခု ဖြစ်ပြီး မီလန်နဲ့ အတူ အဲဒီပြိုင်ပွဲမှာ ပါဝင်ချင်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် သူက “လက်ရွေးစင် အသင်းရဲ့ ပြဿနာက နည်းပြ တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ စနစ် တစ်ခုလုံးက အဖြေရှာဖို့ လိုအပ်တာပါ။ အခြေအနေတွေ ဆိုးရွားနေချိန် မှာတောင် ပြန်လည် တည်ဆောက်နိုင်တဲ့ အရာ တစ်ခုခုတော့ အမြဲရှိနေတာကြောင့် အကုန်လုံးကို အဆိုးမြင်လို့တော့ မရပါဘူး။” လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ ရှိမလားလို့ ထပ်မံ မေးမြန်းရာ မှာတော့ “ဘဝ ဆိုတာ ခန့်မှန်းရခက်ပါတယ်၊ ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။” လို့ ဆိုခဲ့ပါတယ်။
ဒီတစ်ပတ်အတွင်း အီတလီ ဘောလုံးအဖွဲ့ချုပ်မှာ နည်းပြ ဂတ်တူဆို အပြင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဂါဘရီရယ် ဂရာဗီနာနဲ့ အသင်း တာဝန်ခံ ဂျီယန်လူဝီဂျီ ဘက်ဖွန် တို့ပါ ရာထူး ကနေ နှုတ်ထွက်သွားခဲ့ကြတာပါ။ ဒါနဲ့ ပတ်သတ်လို့ အယ်လီဂရီက “ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ကျွန်တော် ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဒါကို အားလုံး အတွက် တိုးတက်ဖို့ အခွင့်အရေး တစ်ခု အဖြစ် ယူသင့်တယ်လို့ ထင်ပါတယ်။ သတ်မှတ်ချက်တွေ ကနေ စီနီယာ အသင်း အထိ ဘာတွေလုပ်နိုင်မလဲ ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စည်းမျဉ်းတွေကို ပြန်လည် စိစစ်ပြီး အခြေခံကစလို့ အဖြေရှာရမှာပါ။ ဒါတွေ အားလုံးကို ၁၀ မိနစ် အတွင်း ဖြေရှင်းလို့ ရမယ်လို့ ကျွန်တော် မထင်ပါဘူး။ ၂၀၃၀ ကမ္ဘာ့ဖလားကို အကောင်းဆုံး အခြေအနေနဲ့ တက်လှမ်းနိုင်ဖို့ အတွက် အချိန်ယူပြီး စိတ်ကူးစိတ်သန်းတွေကို ပေါင်းစပ်ရမှာပါ။ အီတလီမှာ ကစားသမားကောင်းတွေ ရှိပါတယ်။ အနာဂတ်က အခြေအနေ ကောင်းပါတယ်။ ထပ်ပြောပါမယ်၊ ဒါဟာ နည်းပြ တစ်ယောက်တည်းနဲ့ မဆိုင်ပါဘူး၊ ၂၀၃၀ မတိုင်မီ စစ်ဆေး ပြုပြင်ရမှာတွေ အများကြီး ရှိပါတယ်။” လို့ အယ်လီဂရီက ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


