ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ စိတ်ပျက်စရာတွေကို နောက်မှာ ထားခဲ့ပြီး အသင်းအတွက်သာ အပြည့်အဝ အာရုံစိုက်နေပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာက အခုတစ်ပတ်မှာ ဒီယေဂို ဆီမြွန်နီရဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ လာလီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
ပိုလန်က ဆွီဒင်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့် နွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တက်လှမ်းခွင့် ဆုံးရှုံးခဲ့ရပါတယ်။ အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လီဝမ်ဒေါစကီး ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တဆင့် နိုင်ငံတကာ ကစားသမား ဘဝ ကနေ အနားယူတော့မယ့် အရိပ်အယောင်တွေကို ရေးသားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ သူ့ရဲ့ တိုက်စစ်မှူးဟာ ဒီစိတ်ပျက်စရာတွေကို ဘေးဖယ်ထားပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလား နှစ်လုံး ရယူဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာ အတွက် အကောင်းဆုံး ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ပိုလန် အတွက် ကစားပေးခဲ့တဲ့ လီဝမ်ဒေါစကီးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖလစ်ခ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“သူဟာ နိုင်ငံ လက်ရွေးစင် အသင်း အတွက် နှစ်ပွဲစလုံးမှာ မိနစ် ၉၀ ပြည့် ကစားခဲ့ပါတယ်။ သူဟာ အလွန် ကျွမ်းကျင်မှု ရှိတဲ့ ကစားသမား တစ်ယောက်ပါ။ ကမ္ဘာ့ဖလားမှာ မကစားရတော့ဘူး ဆိုတဲ့ အတွေးက သူ့ကို ဝမ်းနည်းစေမှာ မှန်ပေမယ့် ဒါဟာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ အခုတော့ သူဟာ လာမယ့် အပတ်တွေမှာ အသင်းအတွက် လိုအပ်တဲ့အရာတွေကို လုပ်ဆောင်ပေးဖို့ အပြည့်အဝ အာရုံစိုက်နေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နိုင်ငံတကာ ပွဲစဉ်တွေ အတွင်း ဘရာဇီးလ် အသင်းနဲ့ အတူ ဒဏ်ရာ ရရှိခဲ့တဲ့ ရာဖင်ညာနဲ့ ပတ်သက်ပြီးတော့လည်း ဖလစ်ခ်က အခုလို ရှင်းပြခဲ့ပါတယ်။ “ဒါဟာ ဘယ်သူ့အမှားမှ မဟုတ်ပါဘူး။ ဒဏ်ရာ ဆိုတာ ဘောလုံးလောကရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ အခုလို အရေးကြီးတဲ့ အချိန်မှာ ဒဏ်ရာရသွားတာ စိတ်မကောင်းစရာ ဖြစ်ပေမယ့် ဒါကို ကျွန်တော်တို့ လက်ခံပြီး တခြား ကစားသမားတွေနဲ့ စနစ်တကျ စီမံသွားရမှာပါ။ သူ စိတ်အပန်းပြေစေဖို့ အတွက် ဘရာဇီးလ်မှာ မိသားစုနဲ့ အတူ ရက်အနည်းငယ် အနားယူခွင့်ပေးဖို့ ဒါရိုက်တာ ဒေကိုနဲ့ ကျွန်တော်တို့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ဖလစ်ခ်က ဆိုပါတယ်။

လာမယ့် စနေနေ့မှာ ကစားရမယ့် အက်တလက်တီကိုမက်ဒရစ်နဲ့ ပွဲစဉ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နှစ်ကျော့ မတိုင်ခင် ပွဲဖြစ်တာကြောင့် အေးအေးဆေးဆေး ကစားလို့ ရမလား ဆိုတဲ့ မေးခွန်း ကိုတော့ “မရပါဘူး၊ သူတို့နဲ့ ပွဲက အမြဲတမ်း ခက်ခဲပါတယ်။ ဆီမြွန်နီဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်သလို သူတို့ဆီမှာ ဂရစ်ဇ်မန်းလို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေပါတယ်။ သူတို့ရဲ့ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှုကလည်း တကယ့်ကို အံ့မခန်းပါပဲ။” လို့ ဖြေကြားခဲ့ပါတယ်။
ဒီပွဲမှာ အက်တလက်တီကိုမက်ဒရစ် ဘက်က စောင့်ကြည့်ရမယ့် ကစားသမားက အလက်ဇန္တား ဆောလော့သ် ဖြစ်ပြီး သူဟာ ဘာစီလိုနာနဲ့ တွေ့တဲ့ လာလီဂါ ၇ ပွဲမှာ ၅ ဂိုး အထိ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဘာစီလိုနာ ဘက်မှာတော့ ဖာရန်း တောရက်စ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖာရန်း တောရက်စ်ဟာ အက်တလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၅ ဂိုး သွင်းထားပါတယ်။ သူ့ရဲ့ ကစားသမား ဘဝမှာ ရီးရဲလ်ဘက်တစ် (၉ ဂိုး) ပြီးရင် အက်တလက်တီကိုမက်ဒရစ်ဟာ သူ ဂိုး အများဆုံး သွင်းနိုင်တဲ့ အသင်း စာရင်းထဲမှာ ပါဝင်နေပါတယ်။
နည်းပြ ဒီယေဂို ဆီမြွန်နီဟာ ဘာစီလိုနာနဲ့ တွေ့ဆုံတဲ့ လာလီဂါ ၂၈ ပွဲမှာ ၃ ပွဲသာ အနိုင်ရဖူးပါတယ်။ ဒါကို ကြည့်ရင် နိုင်ပွဲ ရရှိမှု ရာခိုင်နှုန်း (၁၁ ရာခိုင်နှုန်း) သာ ရှိပါတယ်။ ဒါဟာ သူ အနည်းဆုံး ၂ ကြိမ်ထက်မက ရင်ဆိုင်ဖူးတဲ့ အသင်းတွေထဲမှာ အနိမ့်ဆုံး စံချိန် ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ဒီရာသီမှာ ဦးဆောင်ဂိုး ရပြီးမှ ပြန်လည် အရှုံးပေးလိုက်ရတာကြောင့် ရမှတ် ပေါင်း ၁၉ မှတ်အထိ ဆုံးရှုံးထားပါတယ်။ ဘာစီလိုနာ ကတော့ ဂိုးပေးလိုက်ရပြီးမှ ပြန်လိုက် ကစားနိုင်တာကြောင့် ရမှတ် ၁၈ မှတ် အထိ ရရှိထားပြီး လာလီဂါမှာ အများဆုံး ဖြစ်ပါတယ်။
ဘာစီလိုနာဟာ မက်ထရိုပိုလီတာနိုမှာ အက်တလက်တီကိုမက်ဒရစ်ကို ၃ ပွဲ ဆက်တိုက် အနိုင်ရထားတဲ့ တစ်သင်းတည်းသော ဧည့်သည် အသင်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒီပွဲ အတွက် ကိုတော့ OPTAက အက်တလက်တီကိုမက်ဒရစ် အနိုင်ရနိုင်ခြေ ၃၂.၆ ရာခိုင်နှုန်း၊ သရေကျနိုင်ခြေ ၂၄.၉ ရာခိုင်နှုန်း၊ ဘာစီလိုနာ အနိုင်ရနိုင်ခြေ ၄၂.၅ ရာခိုင်နှုန်း ရှိနေကြောင်း ခန့်မှန်းထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


